Thursday, May 17, 2007

ကော်ဖီ ငန်ငန်

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ပွဲ ဆိုတော့ ကောင်လေး၊ ကောင်မလေးတွေ စုစုဝေးဝေး၊ ပျော်ပျော်ပါးပါး၊ စားကြ၊ သောက်ကြ၊ စကားပြောကြနဲ့ ဆူညံနေပါတယ်။
အဲဒီအချိန်မှာ ချောချောလှလှ ကောင်မလေးတစ်ယောက်ဝင်လာတော့ ကောင်လေးတွေက စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြတယ်။ ထိုင်စရာ နေရာရှာနေတဲ့ ကောင်မလေးကို မြင်ရတဲ့ ကောင်လေးတစ်ယောက်က ထပြီး သူစားပွဲမှာထိုင်ဖို့ နေရာပေးတော့ ကောင်မလေးက ရှက်ရွံ့ ရွံ့ နဲ့ ၀င်ထိုင်လေရဲ့။
သည်တော့မှ ကောင်လေးလည်း မလုံ့မလဲနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာပဲ စားပွဲထိုးတစ်ယောက်က သူတိုနှစ်ယောက်ရှေ့မှာ ကော်ဖီခွက်ကလေးတွေ လာချပေးသွားတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရပဲ ကော်ဖီခွက်ကို ငုံကြည့်နေချိန်မှာ ကောင်လေးက အနားမှာရှိတဲ့ စားပွဲထိုးလေးကို “ဆားနည်းနည်းလောက်ပေးပါ”လို့ လှမ်းတောင်းလိုက်ပါတယ်။
ကောင်မလေးမဖို့ အံအားသင့်ပြီ ကောင်လေးကို မော့ကြည့်မိလေရဲ့။ ပြီးတော့ ကော်ဖီခွက်ထဲ ဆားထည့်မွှေနေတဲ့ ကောင်လေးကို ကောင်မလေးရော အနားကလူတွေပါ အထူးအဆန်းလို့ ကြည့်နေကြတယ်။
ကောင်လေးက ကော်ဖီခွက်ကို ရှက်ရှက်နဲ့ပဲ မော့သောက်လိုက်ပါတယ်။ အဲဒီအချိန်မှပဲ ကောင်မလေးက စူးစမ်းရင်း စပ်စုလိုက်ပါတယ်။
“ကော်ဖီကို ဒီလိုပဲ သောက်တတ်သလာဟင်း.....” တိုးတိုးလေးမေးတာပါ။ ကောင်လေး ခေါင်းငုံရင်းက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။ “ကျွန်တော်မွေးရပ်မြေက ပင်လယ်ကမ်းစပ်ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ကစား ကြီးပြင်းခဲ့တယ်လေ။ မွေးရပ်မြေနဲ့ ဝေးတဲ့အခါမျိုး၊ အမေ၊ အဖေနဲ့ ရွာကိုလွမ်းတဲ့အခါမျိုးမှာ ပင်လယ်ရေနဲ့ အရသာတူတဲ့ ကော်ဖီငန်ငန်လေးကို အလွမ်းပြေသောက်တာပါ။”
ကောင်လေးက ပြန်ဖြေရင်းက ခေါင်းမော့ပြီး ကောင်မလေးကို စူးစူးရဲရဲပဲ ကြည့်လိုက်တယ်။ အလို သူမျက်လုံးမှာ မျက်ရေတွေဖုံးလိုပါလား။ ကောင်မလေးမျက်နှာ ရင်ထဲက ဂရုဏာ၊ သနားစိတ်တွေ ထင်ဟပ်သွားပါတယ်။
မြင်လျှင်မြင်ချင်း ချစ်မိလိုက် ကောင်လေးနဲ့၊ တွေတွေချင်း စာနာစိတ်တွေ ပေါက်ဖွားသွားတဲ့ ကောင်မလေးတို့ နှစ်ယောက် မေတ္တာမျှသွားခဲ့ကြတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ သူတို့နှစ်ဦး တစ်တွဲတွဲ ဈေးဝယ်၊ ဘုရားသွား၊ ပန်းခြံထဲ လျှောက်လည်ကြလို့ မကြာခင်မှာ ရာသက်ပန်အတူနေကြဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။
ချစ်သူတွေဘ၀မှာရော၊ အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို ကော်ဖီသောက်တိုင်း ဆားထည့်ထည့်ဖျော်လေ့ ရှိပါတယ်။ ကောင်လေးမသောက်ခင် ကော်ဖီကို မြည်းလိုက်တိုင်း ငန်လို့ ကောင်မလေးမျက်နှာဟာ ရှုံ့ရှုံ့သွားရမြဲပါ။
ကြာခဲပါပြီ။
ဟိုတုန်းက ကောင်မလေးဟာ ခုဆို ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူလက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ပြီး ဖတ်နေပါတယ်။ မျက်လုံးအစုံမှာလည်း မျက်ရည်စတွေနဲ့။
“ မောင် ဘ၀မကူးခင် အမှန်ကို ၀န်ခံခဲ့ပါရစေ။ အချစ်ကို စတင်မြင်တွေ့စနေ့က မြင်လိုက်တာနဲ့ သူများထက်ဦးအောင် ဖိတ်ခေါ် ခဲ့မိတယ်။ သကြားနဲ့ဆား မှားပြီး ရှက်ရှက်နဲ့ တောင်းမိတယ်။ အလွန်မတန် အရသာ ဆိုးတဲ့ ကော်ဖီငန်ငန်ကို မောင်လုံးလုံးမကြိုက်ဘူး။ ဒါပေမယ့် အချစ်ကို စတွေခဲ့ချိန်ကစပြီး ဒီကော်ဖီ ငန်ငန်ကို မောင် တစ်သက်လုံးသောက်ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်၊ နောင်တမရမိခဲ့ပါဘူး။ အချစ်နဲ့ ဆုံခဲ့၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင့်ဘ၀အတွက် အပျော်ဆုံးမို့ပါ။ နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့ အတွက် ဒီကော်ဖီ ငန်ငန်သောက်ရမယ်ဆိုရင် မောင်သောက်ဦးမှာ။”
မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ်တွေတွေ ကျသွားပါတယ်။ မျက်ရည်ကို အသာအယာ သုတ်လိုက်ရင်း စားပွဲထိုးကို “ ဆားနည်းနည်းလောက်”လို့ လှမ်းမှာလိုက်တယ်။
စားပွဲထိုးလေးက ဆားပုလင်း လာပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့်။ ဇွန်းနဲ့ မွှေလိုက်တယ်။ နောက် ကော်ဖီခွက်လေးမပြီး နှုတ်ခမ်းတေ့ သောက်လိုက်ပါတယ်။ စားပွဲထိုးက အံ့သြသင့်ဟန်ကြည့်ပြီး “ ဘယ်လိုနေလဲ အန်တီ” လို့ မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးလေးနဲ့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။ “ သိပ်ချိုတာပဲကွယ်တဲ့”

မှတ်ချက်။ ။ မနောက်နဲ့နော်၊ ဒါမျိုးတော့ အဟီး.....
TMA

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home